အမှတ်တရများစွာရှိတဲ့ အိမ်လေးအကြောင်း ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ အိမ့်ချစ်


ငယ်ငယ်ကတည်းက နေခဲ့ပြီး အမှတ်တရတွေ များစွာ ရှိနေခဲ့တဲ့ အိမ်လေးကို အိမ့်ချစ်တစ်ယောက် နှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။ လောကဓံကြီးကို ပင်ပန်းကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသလို အဲ့ဒီအချိန်တွေမှာ ကျခဲ့တဲ့ မျက်ရည်တွေ ငိုသံတွေ ရယ်သံတွေကို သိခဲ့တဲ့ အိမ်လေးရေ Good Bye လို့ သူမ နှုတ်ဆက်ခဲ့ပါတော့တယ်။

အဖေနဲ့အမေကိုယ်တိုင် ဆေးသုတ်မီးတွေဆင် ပရိဘောဂတွေဖြည့်ပြီး ရှေးအိမ်ပုံစံလေးလုပ်ထားပြီး မိသားစု သိုက်သိုက်ဝန်းဝန်းလေး နေခဲ့တဲ့ အိမ်လေး အဲ့ဒီကနေ ဖခင်ဖြစ်သူက အိမ်လေးနဲ့ မိသားစုကို ထားခဲ့တဲ့အချိန် မိသားစုလေးလည်း ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တဲ့ အိမ်လေးအကြောင်းကို သူမက ယခုလို ပြောပြခဲ့ပါတယ်။

“စပြောင်းခဲ့စဉ်ကတော့မိသားစု သိုက်သိုက်ဝန်းဝန်းလေး အိမ်လေးကလဲ ရှေးအိမ်ပုံစံကို renovates လုပ်ထားတော့ လူစိတ်ဝင်စားခဲ့ကြ တာပေါ့ အဖေနဲ့အမေက ကိုယ်တိုင်ဆေးသုတ် မီးတွေဆင် ပရိဘောဂတွေဖြည့် ပျော်ကြတာပေါ့ အိမ်ငှားဘဝတွေကနေ ပထမဆုံးအိမ်ပိုင် လေးပြန်ရကြတော့ အဲ့ဒီကနေလိုနဲ့ပဲ အဖေကအိမ်လေးနဲ့ မိသားစုကိုထားခဲ့တယ် အဲ့နေ့ကစလို့ မိသားစုလေး ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တာ။

ခြံစည်းရိုးလှလှလေးတွေက ဆွေးမြေ့လာ ကျိုးပဲ့လာ ခွေးတွေတိုး မိုးရွာရေကြီးတိုင်းခြံတိုင်လေးတွေပြုတ်ပြုတ်ပါ ဟိုနားကျိုးရင်ရှိတဲ့ အတိုအစလေးနဲ့ပြန်ရိုက် အဲ့လိုကနေအခြေနေမဟန်တော့ ဝါးကပ်တွေပဲကာရတော့တဲ့အခြေနေ ဝါးကပ်ဆိုတာလဲ တစ်နှစ်တစ်ခါလဲရပြန် တစ်ခါလဲခါနီးတိုင်း သားအမိတွေစိတ်ဆင်းရဲရတာလေ ငွေကမရှိ ဒီကြားထဲ နာဂစ်တိုက်တော့ ခေါင်ကပွင့် အကုန်မလဲနိုင်ပြန်တော့ ဟိုတစ်ချပ်လဲဒီတစ်ချပ်လဲ အိမ်နောက်ဖေးမီးဖိုက မိုးတွေယို မိုးရွာတဲ့အချိန်ဆို အိမ်ကိုဧည့်သည်လာမှာသိပ်ကြောက်တာ ရေတွေယိုတာကို ဒန်အိုးတွေဇလုံတွေနဲ့ ခံထားရတာမို့ လူမြင်မှာရှက်လို့လေ ပြီးတော့ မိုးရေတွေကြောင့် အထပ်သားမျက်နှာကြက်တွေက ဂျေးကွက်တွေနဲ့ မဲနေတာ ပျဉ်းကတိုး /ကျွန်း ဆိုသော်ငြား ကြာလာတော့ ချတက်တာပဲလေ ချတွေတက်ရင် ဆေးတွေဖျန်း ချစားတဲ့တိုင်တွေက ကျိုး ကြမ်းတွေကကျွံ လက်သမားပေါင်းတစ်သိန်းနဲ့ ပြင်ရတာ ခဏခဏ ခြံဘေးကနေရာလွတ်လေးမှာ အမေက မုန့်ဟင်းခါး လဘက်ရည်ရောင်းစားလိုက် အရက်ဆိုင်လေးဖွင့်လိုက် လူများကိုပစ္စည်းလှောင်ဖို့ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့စားလဲစား အိမ်လေးလဲပြင် မပြင်နိုင်လဲဒီတိုင်းပဲထား ဝမ်းရေးကခက် ဘဝကကြမ်း ငိုခဲ့ရတဲ့ရက်တွေမနည်းဘူး အပြင်ကနေကြည့်ရင်အိမ်ကြီးကအကြီးကြီး လူတွေကအထင်ကြီး အထဲမှာ ယိုယွင်းမှု ပေါင်းများစွာ ဘယ်သူမှမသိခဲ့ကြပဲလေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်လေးမှာ အိမ်လေးအကြောင်း ပြောပြခဲ့တာပါ။

သူမဘဝဟာ ဒီလိုနဲ့ပဲ နေခဲ့ရင်း ငိုခဲ့ရင်းနဲ့ကနေ အလုပ်တွေ ကြိုးစားခဲ့ရာက မျက်ရည်တွေတိတ်ခဲ့ရပါတယ်။

“ဒီလိုနဲ့ပဲနေခဲ့ရင်းငိုခဲ့ရင်းဘုရားပဲအားကိုးဘာသာရေးတွေလုပ် ရရာအလုပ်တွေအမေလဲလုပ် ကိုယ်ကလဲသီချင်းလေး ဘယ်လောက်ပိုက်ဆံရရဆို အကိုကြ်ီးကလဲအလုပ်လေးရ ရာထူးလေးကောင်းလာ အဆင်လေးပြေလာခဲ့ရင်းနဲ့ မျက်ရည်တွေတိတ်ခဲ့ရတယ် အိမ်ထဲမှာ ငိုသံတွေသိပ်မရှိတော့ဘူး ဒါပေမဲ့ ရယ်သံတော့မထွက်နိုင်သေးခဲ့ပြန်ဘူး။ အကိုကြီးကအိမ်ထောင်ကျ ခွဲနေတော့ အမေရယ် ကိုယ်ရယ် မောင်လေးရယ်ပဲကျန်ခဲ့ကြတယ်။

အဲ့အိမ်လေးထဲမှာ ဒီလိုနဲ့ပဲ ကံလေးပေးလို့ အိမ့်ချစ်ဆိုတာ ဖြစ်လာခဲ့ပြီး တော်တော်ကြာမှ ခြံစည်းရိုးလေးတွေကို လှလှပပလေးပြန်ပြင် အိမ်မျက်နှာကျက်တွေလဲ furnitures တွေထပ်ထည့် မီးတွေဆင်နဲ့ အိမ်လေးက ပြန်ကြည့်ကောင်းလာခဲ့တယ် အလုပ်တွေကြိုးစားခဲ့ ကိုယ့်အလုပ်ကိုတန်ဖိုးထားခဲ့တော့ အစစအရာရာ အဆင်ပြေလာခဲ့တယ် ရယ်သံလေးတွေအစပြန်ပြုလာတယ်”တဲ့။

ဒီလိုမျိုး အတိတ်ပေါင်းများစွာ ရှိနေခဲ့တဲ့ အိမ်လေးကို သံယောဇဉ်ရှိပေမယ့်လည်း အတိတ်တွေထဲကနေ လွတ်မြောက်ချင်လာတာကြောင့် အိမ့်ချစ်တစ်ယောက် ဒီနေ့မှာ အိမ်သစ်လေးကို ပြောင်းလိုက်ပါပြီလို့ သိရပါတယ်။

“အဲ့အတွက်ခု အိမ်အသစ်ပြောင်းလိုက်ပြီ။ အမေကအစွဲကြီးတယ် သူငယ်ငယ်လေးထဲကနေခဲ့တဲ့အိမ် သူအိမ်ထောင်တစ်ခု ထူထောင်ခဲ့တဲ့ အိမ်မို့ အိမ်ထဲ က အဖေနဲ့တူတူအိပ်ခဲ့တဲ့ ကုတင်တွေ အဖေ့ဘီဒိုတွေ သူကသယ်ချင်သေးတာ လုံးဝအသယ်မခံဘူး။ အိမ်အသစ်ကို ပရိဘောဂအကုန် အသစ်အပ်တယ်။ အဖေနဲ့အမေရဲ့ကုတင်ကြီးကို ဖျက်ပလိုက်ပြီး သူများပေးသင့်တာတွေပေးပါလိုက်တယ်။

ပိုက်ဆံပေါနေလို့မဟုတ်ပေမယ့် အတိတ်ကအမှတ်ရစရာပစ္စည်းမှန်သမျှ သူများပေးပစ်ပြီးအကုန်အသစ်ဝယ်တယ် ဒီနေ့ အမေရော ကိုယ်ရောငိုတယ် ဘာကြောင့်မှန်းတော့မသိဘူး။ ပျော်တာလားဝမ်းနည်းတာလား မသိဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာအိမ်လေးနဲ့ ပတ်သက်ခဲ့တဲ့ ခံစားချက်လေးကို ရေးသားထားပါတယ်။

သူမရဲ့ အိမ်လေးအကြောင်း ပြောထားတာကို ဖတ်ရတဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေက စိတ်မကောင်းဖြစ်နေကြသလို မိဘကို သိတတ်ပြီး အလုပ်ကြိုးစားလွန်းတဲ့ အိမ့်ချစ်အတွက် အားလုံးက ချီးကျူးဂုဏ်ယူလို့နေကြပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို “ကိုယ်တိုင်ရေး ပုံတူပန်းချီီ” ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ “၅၂၈” ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *