ပရဟိတလုပ်ကတည်းက ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ခိုင်နှင်းဝေ


ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကပရဟိတ စလုပ်ဖြစ်ခဲ့ပုံတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို Duwun Media ကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။

ခိုင်နှင်းက ပရဟိတအသင်း မထောင်ခင်ကတည်းက အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တာ ဖြစ်ပြီ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှ ပရိသတ်တွေနဲ့ ရင်းနှီးသူတွေရဲ့တိုက်တွန်းမှုကြောင့် ခိုင်နှင်းဝေပရဟိတအသင်းကို ထူထောင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အမကလည်း ပရဟိတအသင်း မထောင်ရဲဘူး။ ပရဟိတအသင်းထောင်တယ်ဆိုတာဒီလူတွေက မြဲနေဦးမှလေ။ ကိုယ်က ပရဟိတအသင်း ထောင်ပြီးမှ ဒီလူတွေလည်းမရှိဘူး။ ကိုယ့်ကို လုပ်ပေးမယ့်သူလည်း မရှိဘူးဆိုရင် မရဘူး။ အသင်းတစ်သင်းထောင်တယ်ဆိုတာက ကိုယ့်ဘေးနားမှာ ကိုယ့်ကို ချစ်တဲ့သူတွေနဲ့စိတ်တူကိုယ်တူ လုပ်နိုင်မယ့်လူတွေ လိုတယ်။ အဲဒီလိုလူမျိုးတွေ ရလာတဲ့အတွက် ကံတရားကို ကျေးဇူးတင်ရမယ်လို့ ပြောရမှာပေါ့နော်” လို့ ခိုင်နှင်းဝေ ပြောပြခဲ့ပါတယ်။

ကောင်းတာလုပ်တာဆိုပေမဲ့လည်း အားပေး၊ ချီးကျူးမှုတွေချည်းပဲရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ပရဟိတစလုပ်ကတည်းက တိုက်ခိုက်မှုတွေ၊ ထိုးနှက်မှုတွေ ရှိခဲ့တာပါ။

“နာမည်ကြီးချင်လို့လုပ်တာတို့ အများကြီးပဲ ပြောခံရတာတွေ။ ရေဘေးဖြစ်ကတည်းက ကိုယ့်ကို လူယုံသတ်တာတွေလည်းရှိတယ်။ နောက်ကျောဓားနဲ့ထိုးတာတွေလည်း ရှိတယ်။ အများကြီး အများကြီး အစုံပဲ”ရင့်ကျက်တဲ့အရွယ်လည်းဖြစ်လို့ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားမြင်သူဖြစ်ပေမဲ့လည်း မျက်ရည်ကျတဲ့အထိ ခံစားခဲ့ရတာတွေလည်း ရှိတယ်လို့ခိုင်နှင်းဝေက ရင်ဖွင့်ပါတယ်။

“ပြောတဲ့သူက သူ့အကုသိုလ်နဲ့သူ သွားမှာပဲ။ အမလိုက်ခံစားနေရင်အဲဒီအကုသိုလ်ကို အမ ဝယ်ယူလိုက်သလို ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ အမ စိတ်ထဲ ကြာကြာမထားဘူး။ မခံစားရဘူးမဟုတ်ဘူး ခံစားရတယ်။ငိုရတာတွေလည်း အများကြီးပဲ။ မခံစားရဘူးဆိုလည်း အမ လိမ်ပြောတာ ဖြစ်မှာပေါ့နော်” လို့ ပြောပြခဲ့တာပါ။

ဒါပေမဲ့ ကောင်းတာလုပ်တဲ့အတွက် စိတ်သန့်တယ်လို့ ခိုင်နှင်းဝေကဆိုပါတယ်။ပရဟိတလုပ်တာ အောင်မြင်ချင်လို့ မဟုတ်တဲ့အတွက် လုပ်နိုင်သလောက်လေးပဲလုပ်ဖြစ်ပါတယ်တဲ့။

“အမက အောင်မြင်ချင်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြည်းဖြည်းပဲအမလုပ်ပေးနိုင်သလောက်ကို လုပ်ပေးတယ်။ ဘယ်နေရာမှာ လစ်ဟင်းလဲတတ်နိုင်တဲ့ဘက်က လုပ်ပေးတယ်” လို့လည်း ခိုင်နှင်းဝေက ရှင်းပြခဲ့ပါတယ်။

ခိုင်နှင်းဝေက NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United ACT ရဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် ခိုင်နှင်းဝေက နဝမအကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ၂၀၁၈ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *